Skip to main content

Command Palette

Search for a command to run...

ဆရာကြီး ဦးနေလင်း (ပန်းတိုင်)

Updated
2 min read

၉ တန်း၊ ၁၀ တန်း တုန်းက ဆရာကြီး ဦးနေလင်း ဒီနေ့ ရုတ်တရက် ဆုံးသွားတယ်ဆိုတော့ စိတ်မကောင်းဖြစ်ရတယ်။

ဆရာကြီး ရဲ့ ပုံစံကို ပြောရရင် အသားဖြူဖြူ ခပ်သန့်သန့်နဲ့ အမြဲတန်း သပ်သပ်ရပ်ရပ် စည်းကမ်းတကျ နေတတ်တယ်။ စာသင်ခန်းထဲမှာ ပြောဆို ဆက်ဆံ ပုံနဲ့ စာသင်ချိန် ပြင်ပ ပြောဆို ဆက်ဆံပုံခြင်းလည်းမတူဘူး။

စာသင်ချိန်ဆိုရင် အခြား ဘာကိုမှ မတွေးရဲပဲ အာရုံအရမ်း စူးစိုက်ထားရတယ်။ ဆရာကြီးက တစ်ယောက်ချင်းစီရဲ့ မျက်နှာတွေကို လိုက်ကြည့်ပြီး ဘယ်ကောင် စိတ်ဝင်တစားရှိနေလဲ ဘယ်ကောင် ငိုက်နေလဲ သေချာလိုက်ကြည့်နေတာကိုး။ စာရှင်းနေရင်းနဲ့ အသံက ရပ်သွားပြီဆို မော့ကြည့်လိုက်ရင် ဆရာကြီးကအိပ်ငိုက်နေတဲ့ ကောင်ကို ငြိမ်ပြီး စိုက်ကြည့်နေတာ၊ ခဏနေ မှ ဟိုကောင်ကြီး ငိုက်နေပြီဆိုပြီး ဖမ်းတာ ခဏခဏပဲ။

စာသင်ချိန်ပြင်ပဆိုရင်တော့ တပည့်တွေကို သူငယ်ချင်းလိုမျိုး ပြောဆိုတာ၊ ဟေ့ကောင် မင်းအဆင်ပြေလား ဘာလိုအပ်လည်း မုန့်စားဦးမလား အမြဲမေးပြီး ရှိတဲ့ မုန့်တွေ ကြုံတာနဲ့ ပေးတာပဲ အရမ်းသဘောကောင်းတဲ့ ဆရာကြီးပါ။

ပန်းတိုင် ဘော်ဒါမှာ ဆရာကြီးက ရူပဗေဒ နဲ့ သင်္ချာ နှစ်ဘာသာ သင်တယ်။ ကျွန်တော့အထင် ဆရာကြီး အရမ်း သဘောကျတဲ့ ဘာသာက ရူပဗေဒ ဖြစ်မယ်ထင်တယ်။ သူစာသင်ရင် အလွတ်ကျက်ခိုင်းတာမဟုတ်ပဲ သီအိုရီ တစ်ခုကို သေသေချာချာကို စိတ်ရှည်လက်ရှည် ရှင်းပြတာ။ အာခီးမီးဒီးစ် ဆိုတာက ဘယ်သူ၊ သူက ဘယ်လို လူမျိုး။ သူ့ရဲ့ principle က ဒီလိုကနေ ဖြစ်လာတာ အဲ့လို ရူပဗေဒ သင်တဲ့ အချိန်ဆို ဆရာကြီးရဲ့ မျက်နှာက ဝင်းနေတာပဲ။

စာသင်ရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မခံချင်စိတ်နဲ့ အပြိုင်အဆိုင် ဖြစ်အောင် နှိုင်းယှဉ်ပြီးတော့လည်း ပြောလေ့ရှိတယ်။ မင်းတို့ ယောင်္ကျားလေး ဝိုင်းကလည်းကွာ ဟိုဘက်က မိန်းကလေးတွေ ဝိုင်းလောက်တောင် မမီပါဘူး၊ ဟိုဘက်က ဘယ်သူဆိုရင် ညဏ်ဘယ်လိုကောင်းတာ မေးလိုက်တာနဲ့ ဘယ်လိုဖြေနိုင်တာ၊ ကိုယ်တွေလည်း အဟုတ်ထင်တာပေါ့ ဒီလိုတော့ အကြောမခံဘူးကွ ဆိုပြီး ကြိတ်ကြိုးစားကြတာ၊ နောက်မှ ပြန်သိရတာက မိန်းကလေးဝိုင်းကိုလည်း ဒီဘက်က ဒီလိုတော်ကြောင်း မခံချင်အောင်ပြောသတဲ့။

ဆရာကြီးက သူသင်တဲ့ ဘာသာရပ်ကိုတော့ ဂုဏ်ထူးထွက်စေချင်တယ်။ ကိုယ်ကလည်း အစမ်းစာမေးပွဲတွေ ဖြေတိုင်း သူသင်တဲ့ ၂ ဘာသာရယ် တခြား bio ရယ် ၃ ဘာသာ က အမြဲ ဂုဏ်ထူးထွက်တော့ ဆရာကြီးက သဘောကျတယ် မျှော်လင့်တယ်ပေါ့။ တစ်ကယ်တန်း ထွက်တော့ သူ့ ဘာသာရပ် တစ်ခုမှ မပါဘူး။ ဆရာကြီးကို တကယ် အားနာမိတယ်။ ဒါပေမယ့် အဲ့ဒီနှစ်က စံချိန်တင် ဂုဏ်ထူးတွေ ထွက်ကြပါတယ်။ ဘာသာစုံ ဂုဏ်ထူးတွေရော ၄ ဘာသာ ၅ ဘာသာ တွေရော၊ ၁ ဘာသာဆိုရင်လည်း အများကြီးမို့ ဆရာကြီးတို့ ဘော်ဒါလည်း ကိုယ်တွေ နှစ်မှာ နာမည်ကြီးသွားတာပဲ။

၁၀ တန်းပြီးသွားတော့ တက္ကသိုလ် တက်ပြီး အိမ်ကိုတောင် ၁ လပြည့်အောင် မနေဖြစ်တော့တာရယ် ဆရာကြီးဆီကို ၂ ခါ လားပဲ သွားတွေ့ဖြစ်တော့တယ်။ ဆရာကြီးသင်ပြထားတဲ့ logic gates တွေ နဲ့ Binary system အကြောင်းကို တက္ကသိုလ်မှာ ထပ်သင်ရတော့ အလွယ်တကူ လိုက်နိုင်လို့ ကျေးဇူးတင်ရတယ်။

အဲ့ဒီနောက်တော့ ကိုယ့်နောက်က ကလေးတွေ ဆရာ ကန်တော့ပွဲ လေးတွေလုပ်မှ Facebook က တစ်ဆင့် တခါတလေ ဆရာကြီးရဲ့ ပုံလေးတွေ ပြန်မြင်ရတယ်။ အဲ့ဒီတုန်းက ပိန်သွားတယ်လို့တောင် တွေးမိတယ်။

အခုတော့ ဆုံးသွားပြီလို့ ကြားတော့ စိတ်မကောင်းဘူး။ နှမြောဖို့လည်းကောင်းတယ် အသင်အပြ တစ်ကယ် ကောင်းတဲ့ ဆရာကြီးမို့ အမြဲ အမှတ်ရနေမှာပါ။ ဆရာကြီး ကောင်းရာသုဂတိလားပါစေ လို့ ဆုတောင်း အမျှဝေပေးလိုက်ပါတယ်။ 🙏🙏🙏

၂၈ ဧပြီ ၂၀၂၁

More from this blog

Away from Home, Again

ဒီဇင်ဘာကို ပြန်ရောက်လာပြန်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေသူတွေအဖို့ ကိုယ့်မွေးရပ်မြေဆီ အိမ်ပြန်ချင်တဲ့ စိတ်က လူတိုင်းမှာ ရှိတတ်ကြပါတယ်။ အခုလို ဒီဇင်ဘာကာလ ဆိုရင် ခရစ်စမတ်၊ နှစ်သစ်ကူး ပိတ်ရက်တွေနဲ့ ပေါင်းပြီး ခွင့်ရက်ရှည် ရလေ့ရှိကြတာမို့ အိမ်ပြန်ကြသူတွေ...

Dec 20, 20223 min read
Away from Home, Again

ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်

တစ်ကယ်တော့ ကြယ်တွေ မစုံပါဘူး။ ကြယ်တွေကို မမြင်တာကြာတဲ့ ကျွန်တော် ဒီကနေ့ညနေ East Coast မှာ ညနေစာစားရင်း မိုးချုပ်သွားတော့ မထင်မှတ်ပဲ ကြယ်ကြည့်မိတယ်။ မမြင်တာကြာပြီဖြစ်လို့ ကြယ်တွေစုံလှချည်လားလို့ ထင်မှတ်မိသွားယုံပါ။ စင်ကာပူမှာ ကိုဗစ်တွေ ပြန်ပြီး ကူးစက်...

May 30, 20212 min read
ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်

AWS Lightsail ဖြင့် Outline VPN တည်ဆောက်နည်း

Outline VPN အကြောင်း အကျဉ်းချုပ်နဲ့ အမြန်ဆုံး တည်ဆောက်နည်းကို ဒီနေရာမှာ ရေးသားခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီမှာတော့ Digital Ocean ကို 100$ ရယူပြီး တည်ဆောက်နည်းကို ပြောပြထားပါတယ်။ ဒီ AWS Lightsail မှာတော့ အဲ့ဒီလိုမရှိပါဘူး။ AWS အကောင့် အသစ် တစ်ခုမှာ Free Tie...

May 11, 20214 min read
AWS Lightsail ဖြင့် Outline VPN တည်ဆောက်နည်း
H

Heinko's Space

13 posts