စင်္ကာပူမှာ တစ်လအတွက် နေထိုင် ကုန်ကျစရိတ် ဘယ်လောက် ရှိလဲ?

Photo by Jiachen Lin on Unsplash

စင်္ကာပူမှာ တစ်လအတွက် နေထိုင် ကုန်ကျစရိတ် ဘယ်လောက် ရှိလဲ?

Cost of Living in Singapore

·

4 min read

စင်္ကာပူကို ကျောင်းလာတက်တာပဲဖြစ်ဖြစ်၊ အလုပ်လာလုပ်ချင်တာပဲဖြစ်ဖြစ် တစ်လကို နေထိုင်ကုန်ကျစရိတ် ဘယ်လောက် ရှိလဲဆိုတာတော့ သိချင်ကြမှာပါ။ စင်္ကာပူက နေထိုင်မှုစရိတ် ကြီးတဲ့ နိုင်ငံတွေထဲမှာ ပါပါတယ်။ ချမ်းသာတဲ့ နိုင်ငံဖြစ်တာနဲ့ အညီ ပိုက်ဆံ ဖြုန်းစရာ တွေကလည်း အရမ်းပေါပါတယ်။ ကျနော်ရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေကို ပြောပြသွားပါမယ်။

စင်ကာပူမှာ ဘယ်လောက် ကုန်သလဲဆိုတာက နေထိုင်မှုပုံစံ (Lifestyle) အပေါ်မူတည်ပြီး အနည်းအများကွာဟနေပါလိမ့်မယ်။ အရမ်းချမ်းသာတဲ့ သူဌေးကြီးတွေအတွက် တစ်လကို ဒေါ်လာ သောင်းချီပြီး ကုန်ကျနေနိုင်သလို၊ အလယ်အလတ် တန်းစားတွေအတွက်လည်း ဒေါ်လာ ၃၀၀၀ ဝန်းကျင်ရှိနိုင်ပြီး၊ ခြိုးခြံချွေတာရင်တောင် တစ်လ ဒေါ်လာ ၁၅၀၀ ဝန်းကျင်တော့ ကုန်ကျပါလိမ့်မယ်။ သူဌေးကြီးတွေ ဘယ်လို သုံးနေသလဲ ကိုယ်တိုင်လည်း မသိတော့ အဲ့ဒီအပိုင်းတော့ ပြောနိုင်မှာမဟုတ်ပါဘူး :D။ ဒီ စာကလည်း သူဌေးတွေကို မရည်ရွယ်ပါဘူး။

ကဲ... တစ်ပိုင်းချင်းစီ ဆက်သွားလိုက်ရအောင်...

အိမ်ငှား စရိတ်

အရင်ဆုံးအနေနဲ့ အကြီးမားဆုံး ကုန်ကျမှာကတော့ အိမ်ငှားခ ပါပဲ။ သိတဲ့အတိုင်း စင်ကာပူက ကျဉ်းကျဉ်းလေးပါ အဲ့ဒီတော့ တခြားနိုင်ငံတွေလို မြေနေရာမရှိတော့ ရှိတဲ့ မြေနေရာတွေကို အတော်လေး စိစစ် ကန့်သတ်ပြီး နေလို့ရအောင်လုပ်ထားရပါတယ်။ HDB လို့ခေါ်တဲ့ အစိုးရက စီစဉ်ပေးထားတဲ့ တိုက်ခန်း တွေရယ်၊ ကွန်ဒို တွေရယ်၊ သူဌေးတွေ ပိုင်ဆိုင်ထားတဲ့ တိုက်ခန်း/အိမ်ယာ တွေဆိုပြီး ၃ မျိုး ခွဲပြီး ကြည့်လို့ရပါတယ်။

HDB ကတော့ ဈေးအသက်သာဆုံးနဲ့ အပေါများဆုံးပါပဲ။ ကွန်ဒိုတွေကတော့ facility တွေပါပြီး ပျမ်းမျှအားဖြင့် HDB ထက် ဈေးများပါတယ်။ Private property/Landed တွေကတော့ အမျိုးမျိုးရှိတာပေါ့လေ၊ ပိုင်ရှင်တွေက လုံးချင်းအိမ်လေးတွေကို ပြန်ငှားကြသလို၊ သူဌေးတွေက အခန်းဖွဲ့ တိုက်ခန်းတွေဆောက်ပြီး ပြန်ငှားကြပါတယ်။

အိမ်ငှားဖို့ ဘတ်ဂျက်ကို စဉ်းစားမယ်ဆိုရင် တစ်ယောက်တည်းနေမှာလား? share နေမှာလား? ဒါမှမဟုတ် flat တခုလုံး ငှားပြီး နေမှာလားဆိုပြီး စဉ်းစားလို့ရပါတယ်။ ဈေးနှုန်းကတော့ ၆၀၀ လောက်ကနေ ၄၀၀၀ လောက်ထိ ကုန်ကျပါလိမ့်မယ်။

Common room/Master room တခုခုမှာ သူငယ်ချင်း အဖော်တစ်ယောက်နဲ့ နေရင်တော့ ၆၀၀ ဝန်းကျင်တော့ ကုန်ပါလိမ့်မယ်။ PUB လို့ခေါ်တဲ့ ရေဖိုး၊ မီးဖိုး တွေ အပါအဝင်ပေါ့။ အချို့ အိမ်တွေက တခါတည်း ပါပြီးသား ရှိသလို အချို့အိမ်တွေကတော့ PUB + WiFi ဖိုး သပ်သပ် ပေးရပါတယ်။ Flat တခုလုံးကို ကိုယ်က အိမ်သူကြီးလုပ် ငှားပြီး ကျန်တဲ့အခန်းတွေကို ပြန်ငှားစားတာမျိုး လုပ်လို့ရပါတယ်။ ဒါပေမယ့် အရမ်းအလုပ်ရှုပ်ပြီး အကုန်တာဝန်ခံနိုင်ရတာပေါ့လေ။ အခန်း ၃ ခန်းပါ၊ ၄ ခန်းပါ အစရှိသဖြင့် အမျိုးမျိုး ရှိပါတယ်။ ၂ ခန်းတည်း ပါတဲ့ အိမ်တွေလည်း ရှိပေမယ့် ရှားပါတယ်။ ၁ ခန်းတည်းပါတဲ့ တိုက်ခန်းတွေကတော့ studio room လို့ခေါ်ပြီး သူကလည်း ၂၀၀၀ - ၃၀၀၀ ဝန်းကျင် ရှိပါတယ်။ မြို့လည်နဲ့ နီးတာ၊ MRT တွေနဲ့ နီးတာ၊ သွားရ လာရ လွယ်ကူတာတွေအပေါ်မူတည်ပြီး ဈေးနှုန်းတွေလည်း ကွာပါတယ်။ ကိုယ့် အလုပ်နဲ့ နီးတဲ့နေရာမှာ နေရင်တော့ သွားစရိတ် လာစရိတ် ကို လျှော့ချပြီးသား ဖြစ်တာပေါ့လေ။ မြို့စွန်ဖြစ်ပေမယ့်လည်း ခေတ်မီ ဈေးဝယ် စင်တာ တွေ၊ ကျန်းမာရေး လုပ်ဖို့ ပန်းခြံတွေ၊ ဆေးရုံ ဆေးခန်း အနှံ့အပြား စီစဉ်ပေးထားလို့ အဲ့ဒီအတွက်ကတော့ ပူစရာ မလိုပါဘူး။

သွား/လာ စရိတ်

စင်ကာပူမှာက အများပြည်သူ သွား/လာဖို့ ဝန်ဆောင်မှု အရမ်းကောင်းပါတယ်။ ဘတ်စ်ကား၊ မြို့ပတ်ရထား စနစ်ကောင်းမွန်ပြီး တနိုင်ငံလုံး အလွယ်တကူ သွားလာနိုင်ပါတယ်။ ကိုယ့်အလုပ်က ဘယ်နေရာမှာလဲ? နေ့တိုင်းသွားရလား? ဘယ်လောက် ဝေးလဲ? အပေါ်မှာမူတည်ပြီး ကုန်ကျစရိတ်ကို ခန့်မှန်းလို့ လွယ်ပါတယ်။ ဥပမာ - ပျမ်းမျှအားဖြင့် တစ်ရက်ကို ၄ ဒေါ်လာလောက် ကုန်ကျမယ်ဆိုရင် တစ်လမှာ ၁၂၀ ကုန်မယ်လို့ ခန့်မှန်းထားလို့ရပါတယ်။ အတိအကျကိုတော့ အောက်ပါ link မှာ တွက်ချက်နိုင်ပါတယ်။

https://www.lta.gov.sg/content/ltagov/en/map/fare-calculator.html

စင်ကာပူမှာ ကိုယ်ပိုင်ကားဝယ်ပြီး သွားဖို့လာဖို့ ဆိုတာကတော့ မလွယ်ရေးချ မလွယ်ပါဘူး။ ကားဈေးတွေကလည်း အရမ်းကြီးပြီး၊ ဆီဈေး၊ ပါကင်ကြေး၊ အာမခံကြေးတွေကလည်း များပါတယ်။ နောက်တခုရှိတာကတော့ car sharing လိုမျိုး ဝန်ဆောင်မှုလေးတွေကိုတော့ စဉ်းစားကြည့်လို့ရပါတယ်။ ကိုယ်ပိုင် ကား ရှိစရာမလိုပဲ application ကနေတဆင့် ကားငှားပြီး သွားချင်တဲ့နေရာကို ကိုယ်တိုင်မောင်းလို့ ရပါတယ်။ လိုင်စင် တော့ ရှိထားရမှာပေါ့။ အဲ့လို နေရင်တော့ ပြုပြင်ထိန်းသိမ်းခတွေ၊ အာမခံကြေးတွေ၊ ဆီဖိုးတွေ ကိုယ့်ဘက်က ကုန်စရာမလိုပါ။ Blue SG, Get Go အစရှိသဖြင့် ကားငှား ဝန်ဆောင်မှုတွေရှိပါတယ်။

တက္ကဆီ ခ တွေက အရမ်းမကြီးပေမယ့် တစ်ယောက်စာ အတွက်ဆို ဈေးကြီးတယ် ပြောလို့ရပါတယ်။ အဖွဲ့လိုက် စုပြီး စီးမယ်ဆိုရင်တော့ ပိုသက်သာတာပေါ့လေ၊ အချိန်ကုန်လည်း သက်သာတယ်။ ညဘက်ကို သူငယ်ချင်းတွေနဲ့ ဘားသွားမယ် သောက်မယ် အိမ်ပြန်တဲ့အခါကျ နောက်ကျတော့ bus/MRT မရှိတော့တဲ့အခါ တက္ကဆီခေါ်ရတော့မှာပါ ပျမ်းမျှအားဖြင့် အဲ့လိုအချိန် ငှားရင် ၂၅ ဒေါ်လာလောက် ပေးရလေ့ ရှိပါတယ်။ တစ်လမှာ ၂ ခါလောက်ပဲ အဲ့လိုနေမယ်ဆိုရင် ၅၀ ဒေါ်လာလောက်ကိုတော့ ဘတ်ဂျတ် ထားရပါလိမ့်မယ်။ Grab, Gojek, မီတာ တက္ကဆီ ဝန်ဆောင်မှုတွေရှိပါတယ်။

စားစရိတ်

စားစရိတ်ကို ပြောရရင်တော့ နည်းနည်း ခက်ပါတယ်။ နေထိုင်မှု ပုံစံ၊ အလုပ်အကိုင် အပေါ်မူတည်ပြီး အမျိုးမျိုး ဖြစ်နိုင်လို့ပါ။ စင်ကာပူမှာ လမ်းဘေးဆိုင်လေးတွေဆိုတာ မရှိသလောက် ရှားပါတယ်။ အဲ့ဒီအစား hawker centre လို့ခေါ်တဲ့ နေရာတွေမှာ တနိုင်တပိုင် ဆိုင်လေးတွေကို စုစည်းပြီးဖွင့်ဖို့ အစိုးရက စီစဉ်ထားပါတယ်။ hawker centre တွေဟာ ဈေးအသက်သာဆုံးဖြစ်ပြီး တနပ်ကို ၅ ဒေါ်လာ ဝန်းကျင်တော့ ရှိပါတယ်။ ကော်ဖီ၊ အအေးကလည်း ၂ ဒေါ်လာ ဝန်းကျင် နဲ့ ဝယ်သောက်လို့ ရပါတယ်။

Foodcourt တွေမှာတော့ ဈေးနည်းနည်းပိုပေးရသလို အစားအသောက်အမျိုးအစားလည်း ပိုစုံလေ့ရှိပါတယ်။ အများအားဖြင့် shopping mall တွေမှာ Kopitiam, Food Dynasty, Food Republic အစရှိသဖြင့် တခုမဟုတ် တခုတော့ ရှိပါတယ်။ တခြား စားသောက်ဆိုင် သီးသန့်တွေကတော့ food court ထက် ဈေးများပါတယ်။ ဈေးမများရင်တောင်မှ service charge တွေ ဘာညာ ထပ်ပေးရလေ့ရှိပါတယ်။ Grab, Foodpanda တွေနဲ့ မှာစားရင်တော့ delivery fee ကိုက ၃ ဒေါ်လာလောက်ပေးရပြီး တန်အောင်လို့ဆိုပြီး minimum order ပြည့်အောင်ထည့်ရင်း တစ်ခါမှာရင် ၁၈ ဒေါ်လာဝန်းကျင်လောက်တော့ ကုန်ကျလေ့ရှိပါတယ်။

အိမ်မှာချက်စားမယ်

အိမ်မှာ ချက်စားနိုင်ရင်တော့ ကုန်ကျစရိတ် ချွေတာအနိုင်ဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပေးရတဲ့ အချိန်ရယ် ဟင်းချက်စရာ လိုအပ်တာ ဝယ်ရခြမ်းရ တဲ့ စရိတ်ကိုလည်း ကိုယ်ချက်စားမယ့် ပုံစံအပေါ်မူတည်ပြီး ကွာနေပါလိမ့်မယ်။ ကုန်ဈေးနှုန်းခန့်မှန်းချင်ရင်တော့ ကြက်ဥ ၁၀ လုံးပါ တစ်ကဒ်ကို ၄ ဒေါ်လာ ဝန်းကျင် ရှိပြီး ဆန်ကတော့ ထိုင်းဆန် ၁၀ ကီလို တစ်အိတ်ကို ၃၀ ဒေါ်လာဝန်းကျင် ကုန်ပါတယ်။ နေ့တိုင်း ချက်စားမယ်ဆိုရင် တစ်ပတ်ကို ပျမ်းမျှ ၅၀ ဒေါ်လာဝန်းကျင်တော့ကုန်နေနိုင်ပါသေးတယ်။ တစ်လဆို ၂၀၀ ဝန်းကျင်ပါ။

အပြင်မှာစားမယ်

အပြင်မှာစားမယ်ဆိုရင် တော့ တစ်နပ်ကို ၅ ဒေါ်လာလို့ ပျမ်းမျှ တွက်ပြီး တစ်ရက်ကို ၁၅ ဒေါ်လာနှုန်းနဲ့ တွက်ရင်် တစ်လကို စားစရိတ်ချည်းပဲ ဒေါ်လာ ၄၅၀ ကုန်ကျနိုင်ပါတယ်။ ဒါက ပျမ်းမျှ တွက်လိုက်တာပါ။ တချို့ရက်တွေကို အိမ်မှာဖြစ်သလိုလေး စားလိုက်တာ၊ ခေါက်ဆွဲပြုတ်ပဲ စားလိုက်တာ၊ မနက်စာကို ကော်ဖီမစ်နဲ့ ပေါင်မုန့်လေးစားလိုက်တာမျိုး ဖြစ်ဖြစ် ချွေတာလို့ရသလို။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ဟော့ပေါ့ဆိုင်ကောင်းကောင်း သွားစားလိုက်ရင်လည်း တစ်ပတ်လုံးစာ ဘတ်ဂျက် ပါသွားတာမျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ အစားအသောက်ဟာလည်း ကျန်းမာရေးအတွက် အရေးကြီးတာမို့ အရမ်းချွေတာတာမျိုး၊ အဟာရ မျှမျှတတ မစားတာတွေကလည်း ကျန်းမာရေး ကို သွားထိနိုင်တာမို့ ပုံမှန် သက်တောင့်သက်သာ စားသောက်သင့်ပါတယ်။

အထွေထွေ ကုန်ကျစရိတ်

ဖုန်းဘေလ် - ကတော့ တစ်လကို ၂၀ ဒေါ်လာဝန်းကျင်တန် Sim Only ပလန်နဲ့ဆို လုံလုံလောက်လောက် သုံးလို့ရပါတယ်။ ဒါပေမယ့် အော်ပရေတာကြီးတွေဆီမှာ ၂ နှစ်စာချုပ်နဲ့ တစ်လကို ဒေါ်လာ ၁၀၀ ဝန်းကျင်ပေးပြီး သုံးမယ်ဆိုရင်တော့ ဖုန်းအသစ်ကို အလကားနီးပါး ရလေ့ရှိပါတယ်။ ဒါကတော့ ကိုယ့်ဝင်ငွေ ကိုယ့်အလုပ်အကိုင် အပေါ်မူတည်ပြီး ရွေးချယ်လို့ရပါတယ်။

အိမ်သုံးပစ္စည်း - တစ်သျှူး၊ ကိုယ်တိုက်ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ခေါင်းလျှော်ရည် ဘာညာ အစရှိသဖြင့် တိုလီမိုလီတွေကလည်း တစ်လကို ၂၅ ဝန်းကျင်နဲ့ ပျမ်းမျှ ကုန်ကျနိုင်ပါသေးတယ်။

အပန်းဖြေ ကုန်ကျ စရိတ်

ဒီ အပန်းဖြေ အပျော်အပါး စရိတ်ကတော့ မရှိမဖြစ်မဟုတ်ပေမယ့်လည်း အလုပ်နဲ့ ဘဝ ဟန်ချက်ညီညီ နေထိုင်နိုင်ဖို့ လိုအပ်ပါသေးတယ်။ သူငယ်ချင်းတွေနဲ့ ဆုံပြီး ဘီယာသောက်ကြတာ မုန့်စားကြတာ ရုပ်ရှင်သွားကြည့်တာ အစရှိသဖြင့် အလုပ်နားရက်တွေမှာ အပန်းဖြေတဲ့နေရာမှာ ခန့်မှန်း ကုန်ကျစရိတ် ဖြစ်ပါတယ်။ ပိုက်ဆံသိပ်မကုန်တဲ့ အပန်းဖြေနည်းတွေဖြစ်တဲ့ အိမ်ကနေ စားစရာ သယ်လာပြီး ပျော်ပွဲစား သွားတာမျိုး၊ စက်ဘီးစီးတာ၊ တောင်တက်တာ၊ အိမ်မှာပဲ ဇာတ်ကားကြည့်တာမျိုးလေးတွေလည်း လုပ်လို့ရပါတယ်။

ရုပ်ရှင်ချစ်သူများအတွက်တော့ လက်မှတ်ခ တွေက ၁၅ ဒေါ်လာ ဝန်းကျင်မှာ ရှိတတ်ပြီး၊ အဆင့်မြင့်မြင့် iMax screen ဘာညာ နဲ့ဆိုရင်တော့ ၂၂ ဝန်းကျင် ရှိပါတယ်။ ဘီယာ တစ်ခွက်ကို မြို့ထဲ တွေမှာဆိုရင် ၁၅ ဒေါ်လာလောက် ပေးရပေမယ့်၊ မြို့ထဲနဲ့ နည်းနည်း ဝေးရင် ၁၀ ဒေါ်လာလောက်နဲ့ ရပါတယ်။ ဒီမှာတော့ ၁ ပိုင့် လို့ မှာရပြီး 473 ml လောက် ပါပါတယ်။

ခရီးသွားချင်ရင်တော့ ဝမ်းနည်းပါတယ် လို့ပဲ ပြောရမှာပါပဲ။ စင်ကာပူက ကျဉ်းကျဉ်းလေးမို့ ခရီးထွက်ပြီး လည်ပတ်စရာ သိပ်မရှိလှပါဘူး။ နီးနီးနားနား အင်ဒိုနီးရှား နိုင်ငံဘက်က ဘာတန်၊ ဘင်တန် အစရှိတဲ့ ကျွန်းတွေဘက် လည်ရင်တော့ ၂၀၀ ဝန်းကျင်တော့ ကုန်နိုင်ပြီး၊ မလေးရှားဘက်က ဂျိုဟိုး သွားလည်တာမျိုးတွေလည်း လုပ်လို့ရပါတယ်။

ကျန်းမာရေး

ကျန်းမာရေးပိုင်းကတော့ အတော့ကို ကုန်ကျစရိတ် ကြီးပါတယ်၊ ကျန်းမာရေး အာမခံ ရှိထားရင်တော့ တော်တော်လေး သက်သာပါလိမ့်မယ်။ သတ်မှတ်စည်းကမ်းတွေအရတော့ အခြေခံ အာမခံ တွေကိုတော့ အလုပ်ရှင်တွေက ဝယ်ပေးထားလေ့ရှိပါတယ်။ အထူးသဖြင့် work permit, spass တွေဆို အလုပ်ရှင်က မဖြစ်မနေ ဝယ်ပေးရပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီ အာမခံတွေက တကယ် ဖြစ်ပြီဆို သိပ်မလုံလောက်တာ များပါတယ်။ တစ်နှစ်ကို ဒေါ်လာ ၆၀၀ ပျမ်းမျှ ကုန်ကျနိုင်ပါတယ်။ ဆေးခန်းသွားရင်တော့ ၃၀ လောက် အနည်းဆုံး ပေးရပြီး ဆေးဖိုး ထည့်ပေါင်းရင် ၅၀ ကနေ ၈၀ လောက်ထိ ကုန်ကျနိုင်ပါတယ်။

စုစုပေါင်း ပျမ်းမျှ ကုန်ကျစရိတ်

ပြန်ပြီးချုပ်ရရင် စင်ကာပူမှာ နေထိုင်ဖို့ တစ်ယောက်စာ တစ်လ ပျမ်းမျှ ကုန်ကျစရိတ်ကို အောက်ပါအတိုင်း ကြည့်နိုင်ပါတယ်။ ဒါဟာ ခန့်မှန်းကုန်ကျစရိတ်ဖြစ်ပြီး မိမိရဲ့ အလုပ်အကိုင် အမျိုးအစား အပေါ်မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ ဥပမာ - အိမ်အကူ အလုပ်အကိုင် တို့၊ ဘိုးဘွား စောင့်ရှောက်မှု၊ ဆောက်လုပ်ရေးလုပ်သား အစရှိတဲ့ အလုပ်တွေမှာဆိုရင် အိမ်ငှားခ ကုန်ကျစရာမလိုပါဘူး။ သွား/လာ စရိတ် မလိုတဲ့ အလုပ်တွေလည်း ရှိသလို အပန်းဖြေတဲ့နေရာတွေမှာလည်း အတိုးအလျှော့ ရှိနိုင်ပါသေးတယ်။

ခြိုးခြံချွေတာ

သက်တောင့်သက်သာ

ဘောစိ လိုနေ

အိမ်ငှားစရိတ်

$600
(အခန်းဖော် နဲ့ မျှနေ)

$1,200
(တစ်ယောက်ခန်း)

$5,000
(အထပ် တခုလုံး)

သွား/လာ စရိတ်

$120
(MRT/Bus ပဲစီး)

$300
(တပတ်တခါ Grab စီး)

$1,500
(ကိုယ်ပိုင်ကား/Grab)

စားစရိတ်

$200
(အိမ်မှာချက်စား)

$500
(အပြင်မှာ ဝယ်စား)

$2,000
(ဆိုင်ကောင်းတွေထိုင်)

အထွေထွေ ကုန်ကျစရိတ်

$20
(ဖုန်းဘေလ်)

$60
(ဖုန်းဘေလ်+တိုလီမိုလီ)

$150
(ဖုန်းဘေလ် + တိုလီမိုလီ)

စိတ်အပန်းဖြေ

$100
(တခါတလေ)

$300
(အပတ်တိုင်းသောက်)

$1,500
(ကလပ်တက်, ခရီးသွား)

ကျန်းမာရေး

$100
(အာမခံ မဝယ်၊ တခါတလေး ဆေးခန်းပြ)

$700
(အာမခံ ဝယ်ထား၊ တခါတလေ ဆေးခန်းပြ)

$1000
(အာမခံ အကြီးစား၊ ဆေးခန်းပြ)

စုစုပေါင်း

$1,140

$3,060

$11,150

မြန်မာကျပ်ငွေ

၂၄ သိန်း ခန့်

၆၄ သိန်း ခန့်

၂၃၄ သိန်း ခန့်

Reference: https://blog.moneysmart.sg/budgeting/cost-living-singapore/

Did you find this article valuable?

Support Heinko by becoming a sponsor. Any amount is appreciated!