# Psiphon VPN (ဆိုင်ဖွန် ဗီပီအန်န်) အကြောင်း

အရင်ဆုံး အသံထွက်ကို အရင်ပြောရအောင်။ သူ့ရဲ့ အသံထွက် အမှန်က ရှေ့ဆုံးက P သံကို ဖျောက်ပြီး (Sy-fon) ဆိုင်ဖွန် လို့ ထွက်ရပါတယ်။

![](https://cdn.hashnode.com/res/hashnode/image/upload/v1676859143901/74e751b1-37ce-45e0-af46-1fc4e083cab9.png align="center")

Psiphon ဆိုင်ဖွန်

### Psiphon ဆိုင်ဖွန် ဘယ်ကလဲ

Psiphon ဟာ ကနေဒါနိုင်ငံမှာ အခြေစိုက်တဲ့ Psiphon Inc ကနေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Michael Hull ဆိုတဲ့ ပုဂ္ဂိုလ်ဟာ တိုရွန်တိုတက္ကသိုလ် နဲ့ Munk School တို့ရဲ့ သုတေသန ဌာန တစ်ခုဖြစ်တဲ့ [Citizen Lab](https://citizenlab.ca/) ကနေ စတင်ခဲ့ကြပါတယ်။ Citizen Lab မှာ သတင်းအချက်အလက် နည်းပညာနဲ့ ပတ်သတ်ပြီး လူ့အခွင့်အရေးတွေ၊ လုံခြုံရေးဆိုင်ရာ မူဝါဒါတွေကို သုတေသန ပြုလုပ်နေတဲ့ ဌာန တစ်ခုပါ။

Psiphon ဟာ **Beyond Borders** လို့ ကြွေးကြော်ထားပြီး အင်တာနက် လွတ်လပ်ခွင့်နဲ့ လုံခြုံရေးတို့ကို အထူးအလေးပေးပြီးတော့ အခမဲ့ လုံခြုံအောင် အသုံးပြုသူတွေအတွက် ဖန်တီးပေးထားတာဖြစ်ပါတယ်။

![Psiphon VPN Myanmar (Burmese)](https://cdn.hashnode.com/res/hashnode/image/upload/v1676859146533/5d14c5d9-e4e1-4997-9b82-d513bb5c50b0.png align="left")

[Psiphon | Windows နှင့် မိုလ်ဘိုင်းဖုန်းများအတွက် ဆင်ဆာဖြတ်တောက်ထားခြင်းမရှိသော အင်တာနက် အသုံးပြုမှု](https://psiphon.ca/my/index.html)

*Outline VPN နဲ့ဆိုရင် ဆာဗာ တစ်ခုတည်းကို အသေချိတ်မှာဖြစ်လို့ IP တစ်ခုတည်း ငြိမ်နေပေမယ့် Psiphon ဆိုင်ဖွန်ကတော့ အလိုအလျောက် ဆာဗာတွေကို သူ့ဘာသာသူ လိုက်ချိတ်နေမှာမို့ သင့်ရဲ့ IP လိပ်စာတွေ ခဏခဏ ပြောင်းနေတတ်ပါတယ်။ အကောင့် lock ဖြစ်တာမျိုးတွေ ဖြစ်တတ်တာမို့ သတိထားရပါမယ်။*  [*Outline VPN တည်ဆောက်နည်းကို*](https://blog.heinkolwin.com/outline-vpn-myanmar/) *ဆက်လက် လေ့လာနိုင်ပါတယ်။*

### မြန်မာနိုင်ငံမှာ နာမည်ကြီးလာခြင်း

မြန်မာပြည်မှာ [2021 အာဏာသိမ်းမှု](https://my.wikipedia.org/wiki/%E1%81%82%E1%81%80%E1%81%82%E1%81%81_%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%85%E1%80%85%E1%80%BA%E1%80%A1%E1%80%AC%E1%80%8F%E1%80%AC%E1%80%9E%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%81%E1%80%B6%E1%80%9B%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8) ဖြစ်ပြီးနောက် Facebook တွေ အပိတ်ခံရတော့ အသုံးပြုသူတွေက VPN တွေကို ရှာဖွေ အသုံးပြုလာကြပါတယ်။ ပိုက်ဆံပေးသုံးရတဲ့ VPN တွေကိုလည်း လှူကြတဲ့သူတွေရှိသလို အခမဲ့ vpn တွေလည်း သုံးလာကြပါတယ်။ အခမဲ့ vpn တွေထဲကမှ ဆာဗာ တည်နေရာတွေကို စိတ်ကြိုက် ရွေးနိုင်မယ့် ဆိုင်ဖွန် vpn ဟာလည်း အသုံးပြုသူများလာပါတယ်။ မိုဘိုင်းလ် အင်တာနက်တွေ ပိတ်ပြီးနောက်မှာတော့ အင်တာနက် ချိတ်ဆက်မှု မရှိတော့ vpn တွေဟာလည်း အလုပ်မဖြစ်တော့ပါဘူး။

အဲ့ဒီအချိန်မှာ ဆိုင်ဖွန် ဟာ အစွမ်းပြပါတော့တယ်။ သူ့ကို ဖန်တီးထားကတည်းကိုက အခုလို အင်တာနက် ပိတ်ဆို့မှုတွေကနေ ကျော်လွှားနိုင်အောင် ပြုလုပ်ထားတာမို့ သာမာန် ကန့်သတ် ပိတ်ဆို့မှုတွေကိုတော့ ရနိုင်သမျှ နည်းလမ်းတွေနဲ့ အလိုအလျောက် ရှာဖွေပြီး ကျော်လွှားပေးနိုင်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဆိုင်ဖွန်ဟာ မြန်မာပြည်က တော်တော်များများရဲ့ ဖုန်းတွေထဲမှာ နေရာယူလာပါတော့တယ်။ ဒီ အင်တာနက် ပိတ်ဆို့မှုတွေမတိုင်ခင်က ဆိုင်ဖွန်နဲ့ အခမဲ့ အင်တာနက် သုံးလို့ရတဲ့ နည်းလမ်းလေးတွေကိုလည်း မြန်မာပြည်က တစ်ချို့တွေ စမ်းသပ် အသုံးပြုနေကြတာတွေ ရှိပါတယ်။

### Psiphon (ဆိုင်ဖွန်) app ကို ရယူရန်

* [အန်းဒရွိုက်(Android) Play Store](https://play.google.com/store/apps/developer?id=Psiphon+Inc.)
    
* [အန်းဒရွိုက် (Android) တိုက်ရိုက် APK](https://psiphon.ca/PsiphonAndroid.apk)
    
* [အိုင်ဖုန်း (iOS)](https://apps.apple.com/app/psiphon/id1276263909)
    
* [ဝင်းဒိုးစ် (Windows) ကွန်ပျူတာ](https://psiphon.ca/psiphon3.exe)
    
* [မက်စ် (Mac) ကွန်ပျူတာ](https://apps.apple.com/app/psiphon/id1276263909)
    

Source: [https://psiphon.ca/my/download.html](https://psiphon.ca/my/download.html)

### PsiCash (ဆိုင်ကတ်ရှ်)

![](https://cdn.hashnode.com/res/hashnode/image/upload/v1676859152944/01f58623-dc7a-48f5-ba09-3300cfff1fa2.png align="center")

PsiCash

ဆိုင်ဖွန်မှာ ဆိုင်ကတ်ရှ် ဆိုတဲ့ app အတွင်းမှာ သုံးလို့ရတဲ့ ငွေကြေးလုပ်ဆောင်မှု တစ်ခု ပါပါသေးတယ်။ SpeedBoost ဆိုတဲ့ မြန်နှုန်းမြှင့်ပေးတဲ့ လုပ်ဆောင်မှုကို သုံးစွဲဖို့အတွက် PsiCash လိုအပ်ပါတယ်။ PsiCash ကိုရဖို့ app ကို ပုံမှန် အသုံးပြုခြင်း၊ ကြော်ငြာ ဗီဒီယိုများကို ကြည့်ရှုပေးခြင်းဖြင့် ရနိုင်ပါတယ်။ ဒါဟာ ဆိုင်ဖွန် အဖွဲ့ရပ်တည်ဖို့အတွက် ကြော်ငြာတွေကနေတစ်ဆင့် ဝင်ငွေရှာတဲ့ လမ်းကြောင်း တစ်ခုလည်းဖြစ်ပါတယ်။ [ဒီနေရာမှ](https://getpsiphon.ca/psicash/faq?)ာ ပိုမို လေ့လာပါ။

![](https://cdn.hashnode.com/res/hashnode/image/upload/v1676859154689/024380d8-ddc1-4f79-999b-4494897123ea.png align="left")
