# မားစ် ဟယ်လီကော်ပတာ အင်ဂျနျူတီ  Ingenuity

### ကမ္ဘာ့မဟုတ်တဲ့ အခြားဂြိုလ်တစ်ခုပေါ်မှာ ပထမဆုံး ပျံသန်းခြင်း

မားစ် ဟယ်လီကော်ပတာ, အင်ဂျနျူတီ ကတော့ ကမ္ဘာဂြိုလ်မဟုတ်တဲ့ အခြား ဂြိုလ်တစ်လုံးပေါ်မှာ ပထမဆုံး အနေနဲ့ စမ်းသပ် ပျံသန်းဖို့ စိတ်ကူးနဲ့ ဟယ်လီကော်ပတာ အသေးစားလေးကို ဖန်တီး တည်ဆောက်ထားတာဖြစ်ပါတယ်။ မားစ် (အင်္ဂါဂြိုလ်) ပေါ်ကို Perseverance rover (ပါဆာဗီးယားရန့်စ် ရိုဗာ) အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေး ယာဉ်ငယ်နဲ့အတူ ထည့်ပေးလိုက်တာပါ။ သူ့ရဲ့ သတ်မှတ်နေရာကို ယဉ်က  ရောက်တဲ့အခါ အင်ဂျနျူတီ ကို ဝမ်းဗိုက်ထဲကနေ ထုတ်ပြီး စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပါဆာဗီးယားရန့်စ် ကတော့ တခြား မစ်ရှင်တွေအများကြီး ရှိပေမယ့် ဒီ ပျံသန်းမှုကို စောင့်ကြည့်ပြီး အခြေအနေတွေကို မှတ်တမ်းတင်မှာဖြစ်ပါတယ်။

%[https://youtu.be/AYjknNxGuJw?list=PL2aBZuCeDwlRF14ds9UR1uVpLRjDQy7d5] 

ပထမဆုံးအနေနဲ့ ဟယ်လီကော်ပတာလေးဟာ မြေပြင်ကနေ ပေအနည်းငယ်အမြင့်ကို တက်ပြီး စက္ကန့် ၂၀ ကနေ ၃၀ ကြာအထိ ပျံတက်ပြီးနောက် ပျံလည် ဆင်းသက်မှာဖြစ်ပါတယ်။ အဲ့ဒီလို ပျံတက်ပြီး၊ ပြန်ဆင်းနိုင်တာကိုက အဓိက အောင်မြင်မှု မှတ်တိုင်တစ်ခု ဖြစ်လာမှာပါ။ အင်္ဂါဂြိုလ်ရဲ့ လေထုဟာ အရမ်းပါးလွှာတာဖြစ်တာကြောင့် ကမ္ဘာ့လေထုမှာလိုပဲ ပျံသန်းလို့ ဖြစ်နိုင်ခြင်း ရှိ၊ မရှိကို လက်တွေ့ စမ်းသပ်ရမှာဖြစ်ပါတယ်။ အဲ့တာ အောင်မြင်ပြီးသွားရင်တော့ နောက်တစ်ဆင့် အနေနဲ့ အကွာအဝေးတစ်ချို့ကို စမ်းသပ် ပျံသန်းခြင်းတွေနဲ့ အမြင့်ကို ဆက်ပြီး တတ်နိုင်သမျှ တတ်သွားဖို့ ကြိုးစားကြည့်မှာပါ။ ဒါတွေ အားလုံး အောင်မြင်ပြီးသွားရင်တော့ ပါဆာဗီးယားရန့်စ် ဟာ သူ့ရဲ့ လုပ်ငန်းတွေကိုပဲ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီ ဟယ်လီကော်ပတာရဲ့ စမ်းသပ်ပျံသန်းမှုဟာ ပြီးဆုံးပြီလို့ သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အခု အင်ဂျနျူတီမှာ ဘာလေ့လာ စူးစမ်းမှု ကရိယာမှ တပ်ဆင်ထားခြင်း မရှိပဲ သူ့ရဲ့ အဓိက ရည်မှန်းချက်ဟာ ပျံတတ်ခြင်း နဲ့ ဆင်းသက်ခြင်း ကို စမ်းသပ်ရမှာဖြစ်ပါတယ်။

### အင်ဂျနျူတီ

Ingenuity ဆိုတဲ့ အင်္ဂလိပ် စကားလုံးကို မြန်မာလို အဓိပ္ပာယ်ဘာသာမပြန်တော့ပဲ အတတ်နိုင်ဆုံး အသံထွက်ကို တူအောင် ကျွန်တော် စဉ်းစားပြီး ရေးထားတာဖြစ်ပါတယ်။ အနက် အဓိပ္ပာယ်ကတော့ "တီထွင်ညဏ်၊ စဉ်းစားညဏ်" ဖြစ်ပါတယ်။ ကိုယ့်ဘာသာပေးထားတဲ့ **အင်ဂျနျူတီ** ဆိုတဲ့ စာလုံးလေးကပဲ ပိုပြီး ကြည့်ရတာကို လှနေသလိုလို တွေးနေမိပါတယ် :D ။ *(* [*အာကာသနှင့် စကြဝဠာ သင်ထောက်ကူ*](https://www.facebook.com/enarget/posts/1450662791791761/) *စာမျက်နှာ မှာတော့ "အင်ဂျင်ယူနတီ" လို့ရေးထားပါတယ်)*  
အယ်လာဘားမား ပြည်နယ် အထက်တန်းကျောင်းသူ တစ်ယောက်ဖြစ်တဲ့ Vaneeza Rupani က အက်ဆေးပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီး ဒီ နာမည်ပေး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ NASA မှာ သူတို့ရဲ့ စူးစမ်းလေ့လာ ယာဉ်တွေကို နာမည်ပေးဖို့ ဆယ်ကျော်သက် ကျောင်းသား/သူတွေကို အက်ဆေးပြိုင်ပွဲတွေလုပ်လေ့ လုပ်ထ ရှိပါတယ်။ သူမကတော့ ပြိုင်ပွဲဝင်ပေါင်း ၂၈၀၀၀ ကျော် ရှိတဲ့အထဲကနေ ရွေးချယ်ခံခဲ့ရတာပါ။

![Ingenuity နာမည် ပေးခဲ့သူ Vaneeza Rupani](https://cdn.hashnode.com/res/hashnode/image/upload/v1676859164681/5fcc3a98-b1ad-4e9e-bb91-635bf792f1c1.jpeg align="center")

### ဒေါ်မီမီအောင် (Mi Mi Aung)

ဒီ နေရာမှာ ကျွန်တော်တို့ မြန်မာ နိုင်ငံအတွက် ဂုဏ်ယူရမယ့် အရာတစ်ခုကတော့၊ ဒီ ပရောဂျက် တစ်ခုလုံးရဲ့ ဦးဆောင် အင်ဂျင်နီယာဟာ မြန်မာ့သွေးပါတဲ့ သူတစ်ယောက် ဖြစ်နေတာပါပဲ။ သူမဟာ အမေရိကန်ပြည်ထောင်စု ၁၉၆၈ ခုနစ်မှာ မွေးဖွားခဲ့ပြီး အသက် ၂ နှစ်ခွဲမှာ မြန်မာပြည်ကို ပြောင်းရွေ့ခဲ့တယ်လို့ သိရပါတယ်။ မိခင်ဟာ မြန်မာနိုင်ငံမှာ သင်္ချာပါရဂူဘွဲ့ရရှိတဲ့ ပထမဦးဆုံး အမျိုးသမီး တစ်ဦးဖြစ်ပြီး မ မီမီအောင်ဟာ အာကာသ သိပ္ပံကို အထက်တန်းကျောင်းသူ ဘဝကပဲ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်တဲ့။ အသက် ၁၆ နှစ်မှာတော့ အမေရိကန်ပြည်ထောင်စုကို ပြန်လည် ပြောင်းရွေ့နေထိုင်ခဲ့ပြီး လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ၁၉၈၈ ခုနစ်မှာ ရရှိခဲ့ပါတယ်။ လျှပ်စစ် အင်ဂျင်နီယာ မဟာဘွဲ့ကိုတော့ ၁၉၉၀ ခုနစ်မှာ ရရှိခဲ့တဲ့ ထူးချွန်တဲ့ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ ဒေါ်မီမီအောင် အကြောင်းကို [Mizzima တွင်](http://www.mizzimaburmese.com/article/71827) ဖတ်ရှုနိုင်ပါသည်။

![မီမီအောင် Mi Mi Aung (JPL) Project Manager of Ingenuity](https://cdn.hashnode.com/res/hashnode/image/upload/v1676859167049/fdb206e2-d08b-4fd4-8c95-ac0c67169f02.jpeg align="left")

*ဒေါ် မီမီအောင် ကို Teddy Tzanetos၊ Bob Balaram တို့နှင့်အတူ Jan 18, 2019 တွင် တွေ့ရစဉ်*

ဒီဇင်ဘာ ၂၀၂၀ တုန်းက BBC Burmese နဲ့ ဒေါ်မီမီအောင် အင်တာဗျူးကို အောက်မှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်။

<iframe src="https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fwww.facebook.com%2FBBCnewsBurmese%2Fvideos%2F375511300397518%2F&show_text=false&width=560" width="560" height="414" style="border:none;overflow:hidden"></iframe>

### အောင်မြင်မှု သတ်မှတ်ချက် ပန်းတိုင်များ

* ✅ လွှတ်တင်မှုအောင်မြင်ရန်, အင်္ဂါဂြိုလ်ပေါ်သို့ လိုက်ပါနိုင်ရန် နှင့် အောင်မြင်စွာ ဆင်းသက်နိုင်ရန်။
    
* ✅ ပါဆာဗီးယားရန့်စ် ယဉ်၏ ဝမ်းဗိုက်တွင် ခေါက်သိမ်းထားခြင်းမှ ထွက်ရန်။
    
* ✅ အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်သို့ လုံခြုံစွာ ခြေထောက်ချရန်။
    
* ✅ ကမ္ဘာမြေမှ ပျံသန်းမှု အချက်ပြ ကိရိယာများနဲ့ အောင်မြင်စွာ ဆက်သွယ်ရန်။
    
* ✅ အလွန်အေးသည့် အင်္ဂါဂြိုလ်၏ ညဘက်တွင် အလိုအလျောက် အပူပေးစနစ် စတင်အလုပ်လုပ်နိုင်ရန် (အနှုတ် ၁၃၀ ဒီဂရီ ဖာရင်ဟိုက်, အနှုတ် ၉၀ ဒီဂရီ ဆဲလ်စီးရပ်စ် အထိ အေးသည်)။
    
* ✅ ဆိုလာပြားများမှ အားသွင်းမှု အလိုအလျောက် စတင်နိုင်ရန်။
    
* ✅ အင်္ဂါဂြိုလ်ပေါ်တွင် စွမ်းအင် နှင့် စွမ်းအား သုံးစွဲမှု ကို စတင် လည်ပတ်ရန် (နေ့စဉ် စွမ်းအားသုံးစွဲမှု၊ ဆိုလာ စွမ်းအင် ရရှိမှု နှင့် ဘတ္တရီ အား တို့ကို စောင့်ကြည့်ရန်)
    
* ✅ ဒလက်များကို စတင် ဖြည်ထုတ်ရန်။
    
* ✅ ပျံသန်းနိုင်မည့် ဒလက်များကို အမှန်တကယ် မပျံသန်းသေးပဲ မြေပြင်ပေါ် တည်ရှိလျက် အင်္ဂါဂြိလ်ပေါ်တွင် ပထမဆုံး လှည့်ပတ်နိုင်ရန် (ပျံသန်းမှု မဖြစ်ခင်အချိန် လည်ပတ်မှုနှုန်းအထိစမ်းသပ်ရန်)။
    
* ✅ အင်္ဂါဂြိလ်မြေပြင်ပေါ် တည်ရှိလျက် ဒလက် လည်ပတ်မှုနှုန်း အပြည့်ဖြင့် ပထမဆုံး လှည့်ပတ်နိုင်ရန် (2400 RPM ဝန်းကျင် လည်ပတ်မှုနှုန်းဖြင့်)။
    
* ✅ အင်္ဂါဂြိလ်၏ ပါးလွှာသော လေထုထဲသို့ ပထမဆုံး ပျံတက်ခြင်း ပြုလုပ်ရန်။
    
* ✅ အလိုလျောက် ပျံသန်းမှုပြုလုပ်နိုင်ရန်။
    
* ✅ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ရန်။
    

Ref: [https://mars.nasa.gov/technology/helicopter/#Milestones](https://mars.nasa.gov/technology/helicopter/#Milestones)

### သိထားသင့်သည့် အချက် ၅ ချက်

1. ဂြိုလ် တစ်လုံး ပေါ်တွင် ကိုယ်ပိုင်စွမ်းအင်ဖြင့် ပထမဆုံး ပျံသန်းခြင်းဖြစ်သည်။
    
2. ရိုဗာ ယဉ်၏ ဝမ်းဗိုက်အောက်တွင် သယ်သွားနိုင်ရန် ပေါ့ပါးစွာ နဲ့တည်ဆောက်ထားပြီး ကြမ်းတမ်းသည့် အင်္ဂါဂြိလ်မျက်နှာပြင်ကိုလည်း ခံနိုင်ရည် ရှိစေရန် ဒီဇိုင်းဖြင့် ပြုလုပ် ထားခြင်းဖြစ်သည်။ (၁.၈ ကီလိုဂရမ်သာ လေးသည်)
    
3. ကမ္ဘာ့လေထုသိပ်သည်းမှု ၏  ၁ ရာခိုင်နှုန်းအောက် သာရှိသော အလွန်ပါးလွှာသည့် အင်္ဂါဂြိလ်လေထုအတွင်း ပျံတက်ရမည်ဖြစ်သည်။
    
4. စက္ကန့် ၉၀ အထိ ပျံသန်းနိုင်မည်ဟု ခန့်မှန်းထားသည်။ တစ်ကြိမ်ပျံသန်းလျင် အကွာအဝေးအားဖြင့် ပေ ၉၈၀ (မီတာ ၃၀၀) နှင့် ၁၀ ပေမှ ၁၅ ပေ အထိ မြင့်တက်နိုင်မည်ဖြစ်သည်။  
    (ရိုက်ညီနောင်၏ ပထမဆုံး ၁၂ စက္ကန့်သာကြည်မြင့်သည့် လေယဉ်နှင့် အမြင့်ပေ သိပ်မကွာပါ)
    
5. ဟယ်လီကော်ပတာသည် လူက ထိန်းချုပ်မောင်းနှင်ခြင်း မဟုတ်ပဲ အလိုအလျောက် ပျံသန်းနိုင်မည်ဖြစ်သည်။ စတင်ပျံတက်ခြင်း၊ ပျံသန်းခြင်း နှင့် ဆင်းသက်ခြင်း များကိုသာ ကမ္ဘာမြေမှ ခိုင်းစေမည်ဖြစ်သည်။
    

Ref: [https://mars.nasa.gov/technology/helicopter/#Five-Things](https://mars.nasa.gov/technology/helicopter/#Five-Things)

![](https://cdn.hashnode.com/res/hashnode/image/upload/v1676859170102/e67a2924-6052-4d02-a7a9-86c6687e8c44.png align="center")

### နောက်ဆုံးရ အခြေအနေ

**April 10** ရက်နေ့ ထုတ်ပြန်ချက်အရ ပထမဆုံး စမ်းသပ် ပျံသန်းမှုကို April 14 ရက်ထက် နောက်မကျပဲ ပြုလုပ်သွားမည် ဖြစ်သည်။  
*Ref:* [*Mars Helicopter Flight Delayed to No Earlier than April 14 - NASA Mars*](https://mars.nasa.gov/technology/helicopter/status/291/mars-helicopter-flight-delayed-to-no-earlier-than-april-14/)

**April 14** ရက်နေ့ ထုတ်ပြန်ချက်အရ April 9 ရက်နေ့မှာ ဒလက်တွေကို အမြန်နှုန်းအမြင့်နဲ့ လှည့်ဖို့ ကြိုးစားရာမှာ တွေ့ရှိခဲ့တဲ့ မူမမှန်တဲ့ အခြေအနေတစ်ချို့အရ နှောင့်နှေးမှုတွေ ရှိနေပါတယ်။ အဖြေအမျိုးမျိုးကို သုံးသပ်ပြီးနောက် ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်မှုပြုလုပ်ခြင်းသည်သာလျင် အကောင်းဆုံး အဖြေလို့ သတ်မှတ်ခဲ့ကြပြီး အခု ကြားဖြတ် ပန်းတိုင်အသစ်တွေကို ချမှတ်ထားပါတယ်။ အဲ့တာတွေကတော့ -

* *ပြစ်ချက်ကို လေ့လာဆန်းစစ်ရန် နှင့် အသင့်တော်ဆုံး အဖြေရှာရန်*
    
* *ဆော့ဖ်ဝဲလ်ကို ပြုပြင် ရေးသား/အတည်ပြု ပြီး ပေးပို့လွှတ်တင်ရန်*
    
* *ဆော့ဖ်ဝဲလ်ကို ပျံသန်းထိန်းချုပ်မှုပြုလုပ်သည့်နေရာသို့ သွင်းရန်*
    
* *ဆော့ဖ်ဝဲလ်အသစ်ဖြင့် အင်ဂျနျူတီ၏ စနစ်ကိုပြန်လည် စတင်ရန်*
    

ဒီလို ဆော့ဖ်ဝဲလ် ပြဿနာကို ဖြေရှင်းပြီးတာနဲ့ ပထမဆုံး စမ်းသပ် ပျံသန်းမှုကို ပြုလုပ်သွားမည်။ နောက် အပတ်ထဲမှာပဲ စတင် ပျံသန်းနိုင်အောင် ကြိုးစားသွားမည်ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်နေစဉ်အတွင် ပါဆာဗီးယားရန့်စ် သည် မော့ခ်ဇီ MOXIE (အင်္ဂါဂြိုလ် လေထု မှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ အောက်စီဂျင် ပြန်ပြီးထုတ်တဲ့ နည်းပညာ) ကို စတင် စမ်းသပ်နိုင်ရန် ပြင်ဆင်နေမည်ဖြစ်သည်။  
*Ref:* [*Work Progresses Toward Ingenuity’s First Flight on Mars - NASA Mars*](https://mars.nasa.gov/technology/helicopter/status/290/work-progresses-toward-ingenuity-s-first-flight-on-mars/)

**April 16** ရက်နေ့ ထုတ်ပြန်ချက်အရ အင်ဂျနျူတီ အဖွဲ့ဟာ လည်ပတ်နှုန်း အပြည့်နဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့တယ်လို့ အချက်အလက် ရရှိခဲ့ပါတယ်။ ဒီနေ့ဟာ လေယဉ်ပျံကို ပထမဆုံး စမ်းသပ် တီထွင်ခဲ့ကြတဲ့ ရိုက်ညီနောင် နှစ်ယောက်ထဲက Wilbur Wright ရဲ့ ၁၅၄ နှစ်မြောက် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီလို စမ်းသပ် အောင်မြင်မှု နောက်တစ်ဆင့် ရရှိခဲ့တာကြောင့် အခု တာဝန်ရှိသူတွေဟာ အင်ဂျနျူတီရဲ့ အနာဂတ်ဟာ ၂ မျိုး ထဲက ရွေးချယ်ရပါတော့မယ်။ အရင်နေ့က တွေ့တဲ့ ပြဿနာ တစ်ခုကို ဖြေရှင်းမလား (ဒါမှမဟုတ်) မူလ အစီအစဉ်အတိုင်း ဆက်သွားမလား ဆိုတာပါပဲ။ ဆော့ဖ်ဝဲလ် ပြဿနာကို ဖြေရှင်းမယ်ဆိုရင်တော့ အချိန်အတော်လေး ယူရပါဦးမယ်။ဘယ်ရက်မှာ ပထမဆုံး ပျံသန်းမှုကို စတင်နိုင်မလဲဆိုတာ ကို ဆက်ပြီး စောင့်ကြည့်နေရပါဦးမယ်။  
*Ref:* [*Working the Challenge: Two Paths to First Flight on Mars - NASA Mars*](https://mars.nasa.gov/technology/helicopter/status/292/working-the-challenge-two-paths-to-first-flight-on-mars/)

**April 19 ပထမဆုံး စမ်းသပ် ပျံသန်းမှု အောင်မြင်**

![](https://cdn.hashnode.com/res/hashnode/image/upload/v1676859172772/621c04eb-3bfa-436e-a247-995a2f00c9f0.jpeg align="left")

အင်ဂျနျူတီ ယဉ်၏ ကင်မရာမှ ပျံတက်စဉ် အရိပ်ကို ပြန်လည် ရိုက်ကူးထားစဉ်

VOA မြန်မာသတင်းဌာန၏ သတင်းထုတ်ပြန်ချက်ကို အောက်မှာ ကြည့်ပါ။

<iframe src="https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fwww.facebook.com%2FVoA.Burmese.News%2Fvideos%2F207003247853137%2F&show_text=false&width=560" width="560" height="414" style="border:none;overflow:hidden"></iframe>

**နောက်ဆုံးရ အချက်အလက်များကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်**

%[https://mars.nasa.gov/technology/helicopter/status/]
