Heinko
Heinko's Space

Follow

Heinko's Space

Follow
ကိုဗစ် ကာကွယ်ဆေးထိုးခြင်း အတွေ့အကြုံ

ကိုဗစ် ကာကွယ်ဆေးထိုးခြင်း အတွေ့အကြုံ

Heinko's photo
Heinko
·Jul 5, 2021·

4 min read

ကမ္ဘာ့ ကူးစက်မြန် ကပ်ရောဂါ စင်ကာပူကို စရောက်ပြီး ၁ နှစ်ခန့်အကြာမှာတော့ ကာကွယ်ဆေးတွေကို စပြီးထိုးနှံနေပြီး ဖြစ်ပါတယ်။ ပထမအဆင့် ကျန်းမာရေးဝန်ထမ်းတွေကို ၂၀၂၁ ဖေဖော်ဝါရီ လကတည်းက ထိုးပေးနေခဲ့တာပါ။ မြန်မာနိုင်ငံနဲ့တောင် သိပ်မကွာပါဘူး။ ဆေးတော့ ကွာတာပေါ့လေ။ စင်ကာပူက ဖိုင်ဇာ(Pfizer-BioNTech) နဲ့ မော်ဒါးနား (Moderna) လို့ခေါ်တဲ့ ကာကွယ်ဆေး၂မျိုးကို အဓိက ထိုးနှံပေးပြီး၊မြန်မာနိုင်ငံကတော့ အိန္ဒိယဆီက ရတဲ့ ကိုဗစ်ရှီးလ်ဒ် (CovieldShield/AstraZeneca) ကို အဓိက ထိုးပေးဖို့ စီစဉ်ထားတာပါ 30 millions လောက်အထိကို မှာပြီးသွားပြီဆိုတာ သိထားရပါတယ်။ အစီအစဉ် တဝက်တပျက်မှာပဲမင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် အကုန် ကမောက်ကမ တွေ ဖြစ်ကုန်ပါတော့တယ်။ ထားပါတော့၊ အခုက ကိုယ်မြင်တဲ့ အမြင်လေးတွေနဲ့ အတွေ့အကြုံတွေကို မှတ်တမ်းရေးထားခြင်းသာဖြစ်ပါတယ်။ ဖေ့စ်ဘုတ်/စတိုရီ မှာ မတင်မိအောင်တော့ နေခဲ့ပါတယ်။ မြန်မာပြည်က ဆွေမျိုး၊ သူငယ်ချင်းများကို အားနာမိလို့ပါ။ နောင်တစ်ချိန်မှာ လိုအပ်သလို လေ့လာဖို့ မှတ်တမ်းရေးထားလိုက်ပါတယ်။

တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးနှံထားရှိမှု နောက်ဆုံး အခြေအနေ

Our World in Data ကရရှိတဲ့ အချက်အလက်အရ တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေးထိုးပြီးတဲ့ အခြေအနေနဲ့ စင်ကာပူမှာ ထိုးပြီးတဲ့ အခြေအနေကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တစ်ကမ္ဘာလုံး ၁၁.၄ ရာခိုင်နှုန်း ထိုးပေးပြီးသွားပြီး စင်ကာပူအနေနဲ့ ၃၇.၈ ရာခိုင်နှုန်း ထိုးပြီးသွားပါပြီ။

စင်ကာပူရဲ့ ကာကွယ်ဆေးထိုးခြင်း ဦးစားပေး အစီအစဉ်

ပထမဆုံး ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းတွေကို စထိုးတော့ မြန်မာနိုင်ငံနဲ့ သိပ်မကွာပါဘူး။ စင်ကာပူမှာလည်း တခြားနိုင်ငံတွေလိုပဲ ပထမဆုံး ဦးစားပေးအနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဦးစားပေးပါတယ်။ အဲ့ဒီနောက် သက်ကြီးပိုင်းတွေကို ထိုးပေးပါတယ်။ ကိုယ်တွေထင်ထားတာကတော့ ငါတို့လိုနိုင်ငံခြားသား တွေဆိုရင်တော့ နောက်ဆုံးမှပဲ ရမှာပါလို့ တွေးထားလို့ သိပ်တောင် စိတ်ဝင်တစား လိုက်မကြည့်မိဘူး။ သတင်းတွေကတော့ အစုံပါပဲ။ ၂ ခါပဲ ထိုးရမှာကို လူမှားပြီး ၅ ခါလောက်ထိုးမိတာတို့ လည်း ဖတ်ရပါတယ်။ ဆေးကြောင့် ပြင်းပြင်းထန်ထန် ခံစားရတာမျိုးတွေတော့ မတွေ့ရဘူး။

ကျွန်တော်တို့ထက် ၃ လ စောတဲ့ ဧပရယ် လအလည်လောက်မှာ အစ်ကိုက ဆေးထိုးခွင့်စပြီးရပါတယ်။ အဲ့ဒီအချိန် ကျွန်တော့်ရုံးက စင်ကာပူနိုင်ငံသားတွေဘယ်သူမှ ထိုးခွင့်မရသေးပါဘူး။ အစ်ကို အလုပ်က လည်းအလုပ်သမားတော်တော်များများနဲ့ ထိတွေ့နေရတော့ ဦးစားပေး အစီအစဉ်ထဲ ပါသွားတယ်ထင်ပါတယ်။ အဲ့ဒီကျမှ သေသေချာချာ သတိထားမိတာ စင်ကာပူအစိုးရက နိုင်ငံသားဖြစ်မှု/မဖြစ်မှုကို ထည့်မတွက်ပဲနဲ့ဦးစားပေးထိုးပေးရမယ့်သူတွေကို သေချာ စိစစ်ပြီး လုပ်ပေးနေတယ်ဆိုတာ သိရပါတယ်။

ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းစဉ်

စင်ကာပူရဲ့ အများပြည်သူကို ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်က ဒီလိုသွားပါတယ်။

  1. Registration for Interest
  2. Appointment Invitation
  3. Vaccinate 1st dose
  4. Vaccinate 2nd dose

ရုံးက စင်ကာပူနိုင်ငံသား မိတ်ဆွေတွေပြောတာတော့ ၄/၅ ကြိမ် Register လုပ်မှ appointment ရတယ်လို့ ပြောကြပါတယ်။ ကျနော်တော့ မထင်ပါဘူး သူ့ဘာသာသူ system က queue လုပ်ပြီး appointment လုပ်ဖို့ link ပို့နေတယ်လို့ပဲထင်ပါတယ်။ အဲ့တာနဲ့ ဇွန်လ ၂၄ ရက်နေ့မှာ ကျနော် Register လုပ်လိုက်ပါတယ်။

Registration for Interest

Register Interest for COVID-19 Vaccination

ကာကွယ်ဆေးထိုးဖို့ စိတ်ဝင်စားကြောင်း Register လုပ်ဖို့အတွက် အထက်ပါ link ကို သွားရပါတယ်။ ဖုန်းနံပါတ်၊ ကိုယ့်အတွက် register လုပ်တာလားကိုယ့်ကလေးအတွက်လား ဆိုတာရယ်၊ လူနာအမည်၊ လူနာရဲ့ မှတ်ပုံတင်နံပါတ် NRIC/FIN၊ မွေးနေ့ အစရှိတဲ့အချက်အလက်တွေကို ရိုက်ထည့်ပေးရပါတယ်။ ဒီလို Register လုပ်လိုက်ရုံနဲ့ ထိုးလို့ရတာမျိုးမဟုတ်သေးပါဘူး။ အသက် ကန့်သတ်ချက်တွေနဲ့အတူ မထိုးရတာတွေ ထိုးပြီးသားဖြစ်နေမှာစိုးတာတွေကြောင့်appointment လုပ်ဖို့ ထပ်ပြီး submit လုပ်ပေးရပါတယ်။ Register လုပ်တာ အောင်မြင်ရင်တော့ အောက်ပါအတိုင်း SMS ပို့ပါတယ်။

Registration for Interest

Appointment Invitation

ကျနော့ဆီကိုတော့ Register လုပ်ထားပြီး ၆ ရက်လောက်အကြာမှာ Appointment လုပ်နိုင်ပြီ ဖြစ်ကြောင်းဖိတ်ခေါ်တဲ့ SMS တစ်စောင် ရပါတယ်။ ၁၄ ရက်အတွင်း appointment လုပ်ဖို့နဲ့ ဒီ link ကိုတခြားသူတွေနဲ့ မshare ဖို့ ရေးထားပါတယ်။

appointment invitation sms

June 30 ရက်နေ့မှာ appointment လုပ်ခွင့်ရပေမယ့် အစောဆုံး ရွေးလို့ရတဲ့ ရက်က July 05 ပါ။ အရှေ့က ရက်တွေမှာ အကုန်ပြည့်နေတဲ့ သဘောဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် စနေ၊ တနင်္ဂနွေ ၂ ရက်ကတော့တော်တော် ပြည့်နေလေ့ရှိပါတယ်။ အစက ခွင့်ယူရမလား ဘာညာ စဉ်းစားပေမယ့် အဲ့လောက်ထိလည်း လိုမယ်မထင်လို့ သူငယ်ချင်းတွေ ပြောစကားအရ ဆေးထိုးပြီး ပင်ပန်း ညောင်းညာ တတ်တာမို့ ညပိုင်း ၈ နာရီပဲ ရွေးလိုက်ပါတယ်။ ဆေးထိုးပြီးတာနဲ့ အိမ်ပြန် အိပ်မယ်ပေါ့လေ။ နေ့ရက်၊ အချိန်နဲ့ ဘယ်စင်တာမှာ ထိုးမလဲဆိုတာကို ကြိုက်သလို ရွေးလို့ရပါတယ်။ အစပိုင်းက ပြောခဲ့သလို ပဲ များသောအားဖြင့်တော့ ဖိုင်ဇာ ဆေးဖြစ်ပေမယ့် တချို့ စင်တာတွေက မော်ဒါးနား ဆေး ထိုးပေးပါတယ်။ အဲ့ဒီ ၂ ခုက ကာကွယ်ဆေးအမျိုးအစား အတူတူပါပဲ။ ဂူးဂဲလ်ခေါက်ကြည့်တော့ ဖိုင်ဇာက ၉၅ ရာခိုင်နှုန်း နဲ့ မော်ဒါးနားက ၉၄.၁ ရာခိုင်နှုန်းကာကွယ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဆေး ၂ မျိုးလုံးက ၂ ကြိမ် ထိုးဖို့လိုပါတယ်။

၂ ကြိမ်ထိုးဖို့အတွက် တစ်ခါတည်း appointment လုပ်ထားရပါတယ်။ လုပ်တာအောင်မြင်ရင် အောက်ပါအတိုင်း sms ပို့ပါတယ်။

appointments confirmed

Vaccinate 1st dose

တနင်္လာနေ့ကို ရွေးထားတာမို့ လုပ်စရာရှိတာ လုပ်ပြီး ညနေ ၆ နာရီ အလုပ်ပြီးတာနဲ့ အေးဆေး နားပါတယ်။ညနေစာကို စားထားသင့်တယ်လို့ အကြံပြုလို့ အပြင်မှာ တခါတည်းစားပြီးမှ သွားမယ်လို့ စဉ်းစားထားပေမယ့် ဗိုက်လည်းသိပ်မစာသေးတာနဲ့ Cheers က အသားညှပ် ပေါင်မုန့်လေးပဲ ဝယ်ပြီး လမ်းမှာ စားရင်းသွားလိုက်ပါတယ်။ Pocari Sweat တစ်ဗူးလည်း ထည့်သွားလိုက်တယ်။

၈ နာရီ ကွက်တိ စင်တာကို ရောက်အောင်သွားလိုက်ပါတယ်။ ရုံးဖွင့်ရက်နဲ့ ညပိုင်းနောက်ဆုံးအချိန်မို့ထင်တယ် အောက်ထပ် စောင့်တဲ့နေရာမှာ လူရှင်းနေပါတယ်။ Appointment ရရှိကြောင်း SMS ပြပြီးစေတနာ့ဝန်ထမ်းလေးတွေ ညွှန်ပြနေတဲ့အတိုင်း ဆေးထိုးပေးနေတဲ့ အပေါ်ထပ်အထိ တက်သွားလိုက်ပါတယ်။ တိုကင်နံပါတ်လေးတွေကို ထုတ်ပေးပြီး သက်ဆိုင်ရာ ကောင်တာနံပါတ်ကို သွားဖို့ ထိုင်စောင့်ရပါတယ်။ ဘဏ်တွေမှာ သုံးတဲ့အတိုင်း သက်ဆိုင်ရာ ခေါ်တဲ့ ကောင်တာနံပါတ်ကို ခေါ်တဲ့အခါ သွားရပါတယ်။ပထမဆုံး ကောင်တာနံပါတ်တွေကိုတော့ R1 R2 R3 အစရှိသဖြင့် ပေးထားပါတယ်။ Registration ကောင်တာမို့ အဲ့လိုပေးထားတယ်လို့ ထင်ပါတယ်။

အဲ့ဒီလို ထိုင်စောင့်နေရင်း ဗော်လန်တီယာတွေက ကိုဗစ်အကြောင်း သိကောင်းစရာနဲ့ ကာကွယ်ဆေးအကြောင်းကို ရှင်းပြထားတဲ့ ဘာသာ ၄ မျိုးနဲ့ ရိုက်နှိပ်ထားတဲ့ စာအုပ်လေးတွေ ပေးပါတယ်။ တခါတည်းအောက်ပါမေးခွန်းတွေကို မေးပါတယ်။ 1st dose ဆိုရင် လိမ္မော်ရောင် စတစ်ကာလေးတွေကို လက်မောင်းမှာကပ်ထားပေးလိုက်ပါတယ်။ တခြား အစိမ်းရောင်ကတော့ 2nd dose သမားတွေအတွက် ဖြစ်လိမ့်မယ်ထင်တယ်။

စာအုပ်ထဲမှာတော့ မေးခွန်း ၉ ခုကို ရှင်းပြထားပါတယ်။ လေ့လာနိုင်ဖို့ အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတယ်။

Vaccination Information Sheet

ခုနက R1—9 ကောင်တာတွေကို ရောက်တော့ ဖုန်းနံပါတ်ရယ် IC နံပါတ်ရယ်ကို confirm လုပ်ပြီး patient sticker လေး ၂ ခုကိုပေးပါတယ်။ Fullerton Health VC ဆိုပြီး စင်တာအမည်နဲ့ တွေ့တာမို့ Fullerton Health ကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီကနေ လုပ်ပေးနေတာ သတိထားမိပါတယ်။ အာရှ ပစိတ်ဖိတ်မှာတော့ သူကတော်တော် ဖြန့်ကြတ်ထားပါတယ်။ အစိုးအရအတွက်ပါ တော်တော် အထောက်အကူဖြစ်လိမ့်မယ်ထင်တယ်။ (အခြား စင်တာတွေမှာတော့ Fullerton Health ကပဲ ကူညီပေးတာလား မသိပါ)

အဲ့ဒီမှာ စာရင်းသွင်းပြီးနောက် ထပ်ပြီး စောင့်ရပါတယ် ထိုင်ခုံတွေနဲ့ ချထားပေးပါတယ်။ တိုကင် နံပါတ်ကမပြောင်းပါဘူး သွားရမယ့် ကောင်တာနံပါတ်တွေကသာ ပြောင်းခေါ်နေတာကို သတိထားမိပါတယ်။ နောက်ထပ်သွားရမယ့် ကောင်တာနံပါတ်တွေကတော့ V1-V2-V3 အစရှိသဖြင့် အလှည့်ကျ ခေါ်နေတာတွေ့ရပါတယ်။ ဒီတခါတော့ Vaccination ကောင်တာတွေ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိရင်း စနစ်တကျ စီစဉ်ထားတာကို သတိထားမိတယ်။

နောက်ထပ် ၁၅ မိနစ်လောက် စောင့်ပြီးမှာတော့ နံပါတ်အလှည့်ကျလာတာနဲ့ သက်ဆိုင်ရာ ကောင်တာနံပါတ်ဆီကို သွားရပါတယ်။ အခန်းငယ်လေးတွေ ဖွဲ့ထားပြီး ကိုယ်ဆေးထိုးရမယ့် ကောင်တာမှာ တာဝန်ကျ အိန္ဒိယ အမျိုးသမီးကြီး တစ်ဦးကို တွေ့ပါတယ်။ Nurse တစ်ယောက်ဖြစ်မယ်တူပါတယ်။ ဒီအတိုင်း မေးခွန်းလေးတွေမေး။ မတည့်တာဘာညာရှိလားထပ်မေးရင်း ဆေးထိုးပေးဖို့ ပြင်ဆင်ပါတယ်။ ညာသန်လားလို့ မေးပြီးတော့ အဲ့တာဆို ဘယ်ဘက်လက်မောင်းကို ထိုးပေးမယ်လို့ ဆိုပါတယ်။ မထိုးခင် အခြား nurse တစ်ယောက်က ဆေးခန်းလေးတွေကို ပတ်နေပြီး ဆေးဘယ်နှစ်လုံး ကျန်သေးလဲ လိုက်မေးနေတာတွေ့ခဲ့ပါတယ်။ စင်ကာပူမှာ ၂ နှစ်ကျော်ပြီ တခါမှ နေမကောင်းမဖြစ်ဖူးလို့ဆေးမထိုးရတာတောင် အတော်ကြာပါပြီ။ ငါနောက်ဆုံး ဆေးထိုးခဲ့တာ ဘယ်တုန်းကပါလိမ့်လို့ ကိုယ့်ဘာသာ စဉ်းစားရင်း အိမ်အလည်ပြန်တုန်းကပဲ မနက် ခရီးသွားရမယ့်အရေး ဝမ်းလျောလို့ ဆေးပြေးထိုးရတာကို သတိရသွားပါတယ်။ ဆေးထိုးတာတော့ မကြောက်တတ်သူမို့ ဘာမှမဖြစ်ပါဘူး။

30 Minutes Observation

၈ နာရီ ၂၆ မိနစ် ဝန်းကျင်လောက်မှာ ဆေးထိုးပြီးပါတယ်။ Nurse ကချက်ချင်း တစ်ပတ်အတွင်း alcohol မသောက်ဖို့နဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ ရှောင်ထားဖို့ မှာကြားပါတယ်။ ခုနက ပေးခဲ့တဲ့ စတစ်ကာလေးကို သူကပဲ သိမ်းထားလိုက်ပါတယ်။ နောက်ထပ် နာရီဝက်အထိ စောင့်ကြည့်ပြီးမှ တခုခု နေမကောင်းဖြစ်တာမျိုး ခံစားရရင် ပြောပြဖို့ မှာပါတယ်။ အဲ့လို စောင့်ကြည့်ဖို့အတွက် နောက်တစ်နေရာကို ထပ်သွားရပါတယ်။ အဲ့ဒီမှာတော့ Hand Santizer နဲ့ Mask တစ်ဗူး လက်ဆောင်ရပါတယ်။ အဲ့တာနဲ့ နာရီဝက် ကြာအောင်ထိုင်နေရင်း ကိုယ့်နံပါတ်ခေါ်မယ့် ကောင်တာကို ထပ်စောင့်ရပါတယ်။ ဒီတစ်ခါတော့ ကောင်တာတွေက OB1 OB2 အစရှိသဖြင့် နာမည်ပေးထားပါတယ်။ Observation ကောင်တာတွေဖြစ်မယ်လို့ခန့်မှန်းရပါတယ်။

30 minutes observation

အဲ့လိုနဲ့ ကွက်တိ နာရီဝက်ကြာအောင် ထိုင်စောင့်ပြီးတော့ ၈ နာရီ ၅၆ မှာ ခေါ်ပါတယ်။ ကောင်တာမှာတော့ဘာခံစားရလဲ အဆင်ပြေလား ဘာညာမေးပြီး vaccination card ဆိုတဲ့ ကဒ်ပြားအပါးလေး ထုတ်ပေးရင်း နောက်တစ်ခါ ထိုးရမယ့်ရက်က ဘယ်နေ့ ဘယ်အချိန်နဲ့ အဲ့ဒီအချိန်မှာ ပြန်လာဖို့ မှာပါတယ်။ ခုနက လက်မောင်းမှာကပ်ပေးတဲ့ စတစ်ကာလေးတွေကို အပြင်မှာကွာကျပြီး ရှုပ်ပွမှာစိုးလို့ အသည်းပုံ ကဒ်ပြားလေးလုပ်ပြီး စင်တာထဲက ထွက်တာနဲ့ အဲ့ဒီမှာ ကပ်သွားလို့ရအောင် လုပ်ပေးထားတာလေးလည်း တွေ့ရပါတယ်။ စင်တာထဲက ထွက်တော့ ၉ နာရီ ရှိနေပါပြီ။ ဆိုတော့ အစအဆုံး ၁ နာရီ လောက်ပဲ ကြာပါတယ်။ သက်တောင့်သက်သာပဲ ထိုင် စောင့်လိုက် ကောင်တာတွေသွားလိုက် နဲ့ပဲ အလွယ်တကူပြီးသွားခဲ့ပါတယ်။

Covid-19 Vaccination Card SingaporeCovid-19 Vaccination Card Singapore

ပိုက်ဆံ တပြားတချက်မှ ကုန်ကျစရာမလိုပဲ ကာကွယ်ဆေးရအောင် စီစဉ်ပေးတဲ့ စင်ကာပူအစိုးရကိုတော့ကျေးဇူးတင်မိပေမယ့် ကိုယ့်နိုင်ငံက လူစိတ်မရှိတဲ့ စစ်အစိုးရကိုတော့ တော်တော်လေး နာကျည်းမိတယ်။ ကိုယ့်မိဘတွေကိုလည်း စိတ်ပူမိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် စီစဉ်ပြီးသားဖြစ်တဲ့ အခြေအနေကနေ မနာလိုစိတ်နဲ့အကုန် ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ အာဏာရူးစစ်တပ်ကိုလည်း ဒီတစ်သက် ဘယ်တော့မှ အခဲကြေမှာမဟုတ်ပါဘူး။ အားလုံးပဲ ကိုဗစ် ကပ်ရောဂါကြီးမှ ကင်းဝေးကြပါစေ။

Did you find this article valuable?

Support Heinko by becoming a sponsor. Any amount is appreciated!

See recent sponsors Learn more about Hashnode Sponsors
 
Share this